Sunday, September 6, 2015

တူမောင်ကြီးသိန်းစိန်သို့ပေးစာများ.1

တူမောင်ကြီး သိန်းစိန်သို့ ပေးစာ - ၁
======================
သို့/
တူမောင်ကြီး သိန်းစိန်
ဘကြီး သတိရစွာဖြင့်စာရေးလိုက်ပါတယ်
အကြောင်းထူးထူးခြားခြားတော့မရှိပါဘူးကွယ်
အခုလောလောဆယ်ရွာထိပ်က တောင်ကုန်းပေါ် နေရာလာကြည့်ရင်း တူမောင့်ကိုသတိရလို့စာရေးလိုက်တာပါ
တူမောင်ကြီး သမ္မတဖြစ်မှ ဒို့နိုင်ငံလည်း အတော်နာမည်ကြီးလာတယ်လို့ကြားသကွယ့်
သာဓုပါကွယ်သာဓုပါ
ဘုန်းကံဆိုတာ လုပ်ယူလို့မရဘူးလို့တော့ ကြားဖူးသကွယ့်
ရှေးဘုရင်တွေထဲက ဖောင်တော်နဲ့တိုင်ခန်းလှည့်လည်တဲ့အလောင်းစည်သူမင်းကြီးက
သူ့ဖောင်တော်တစီးစာသာ ရေလမ်းကြောင်းဖြစ်ပေါ်ပြီး လိုရာကိုလက်ညိုးလေးညွှန်ပြီး သွားခဲ့တာ ဘာဟုတ်သေးလည်းကွယ်
ငါ့တူကြီးကမှတတိုင်းပြည်လုံးကို ရေစီးကြောင်းအဖြစ်ပြောင်းလဲနိုင်တဲ့ဘုန်းရှင်ကံရှင်ကွယ့်
ဘကြီးတို့ငါ့တူကြီးလိုလူတယောက်ရတာ ကံကြီးလှသကွယ်
အခုဆို ငါ့တူကြီးရဲ့ ဘုန်းတန်ခိုးကြောင့်တနိုင်ငံလုံး လိုရာခရီးကိုတံတားမလို၊ လမ်းမလို ရေကြောင်းမှာ
လှေပြောင်းစီးရုံနဲ့ရောက်သကွယ့်
အရင်ကဆိုလမ်းမကောင်းဘူး၊ တံတားမကောင်းဘူး၊ ဂိတ်ကြေးများတယ်စသဖြင့်ပြောနေဆိုနေကြတာ နားငြီးသကွယ့်
အခုတော့ဘယ်လမ်း၊ ဘယ်တံတား၊ ဘယ်ဂိတ်မှ မမြင်ရတော့ဘူး၊ အားလုံးရေအောက်ရောက်သွားပြီဆိုတော့သူတို့တွေရဲ့
အပြောလည်း လွတ်ပြီကွယ့်
မြန်မာပြည်အထက်ပိုင်းကနေ အောက်ပိုင်းအထိတိုးယိုပေါက်ရေတွေ ဆင်းနိုင်အောင်တောတွေခုတ်၊ တောင်တွေခုတ်နဲ့
လမ်းကြောင်းရှင်းပေးထားခဲ့တဲ့အတွက်ငါ့တူကြီးတို့ရဲ့ ရွှေဉာဏ်တော်စူးရောက်လှပုံကိုလည်း ချီးကျူးမိသကွယ့်
ငါ့တူကြီးက အမြော်အမြင်ကြီးစွာနဲ့ရန်ကုန်နဲ့မန်းလေးမှာ ဇာတ်ရုံဆောက်မယ်ဆိုတာတော့ဘကြီး သဘောတူသကွယ့်
ဒါမှ မြို့ပေါ်ကလူတွေ ဘကြီးတို့တောက အနိဌာရုံတွေကိုသတိမရကြမှာမို့လား
ဒါမျိုးစိတ်ကူးက ငါ့တူကြီးလို မာစတာဘရိန်းမှ ကြံတတ်သကွဲ့
ဒါနဲ့အဲ့ပိုက်ဆံတွေက ရေဘေးအတွက်ကယ်ဆယ်ရေးငွေတွေဆိုကွယ့်
အရေးတော့မကြီးပါဘူးကွယ်ပြည်သူတွေက ကိုယ်လုပ်မှာကိုယ်စားရမှာ၊ ကိုယ့်ရှိမှကိုယ်စားရမှာဆိုတဲ့ကိုယ့်အားကိုယ်ကိုးကြတဲ့လူတွေဆိုတော့
သိပ်လည်းမမျှော်ကြပါဘူးကွယ့်
အာ့ကြောင့်ဘာမှကြောင့်ကြမနေပါနဲ့
သုံးစရာရှိတာသုံး၊ ဘုံးစရာရှိတာ ဘုံးသာပစ်လိုက်ပါကွယ်
ဒါနဲ့ဟိုအမျိုးသမီး ဘယ်သူ..
သိပြီ..
ဗိုလ်ချုပ်သမီးရဲ့အဖွဲ့ဆိုတာ လာသွားတယ်ကွယ့်
သူတို့သားအမိရဲ့ဖောင်ဒေးရှင်းကတင်ပဲ တန်ဖိုး သိန်း ၁၅၀ လောက်ရှိတဲ့ဆန်အိတ်တွေရယ်၊
ကျပ်သိန်း ၃၅၀ တန်ဖိုးရှိတဲ့ပစ္စည်းတွေရယ်လာလှူကြသကွယ့်
သူတို့အဖွဲ့တွေနဲ့အတူတူသူ့ကိုအားပေးကြတဲ့သူတွေအဖွဲ့လို့ပြောတယ်ကွယ့်
သူတို့တွေလည်း လာလှူကြ၊ ကယ်ကြနဲ့အလုပ်တွေရှုပ်နေကြတာ တွေ့မိသကွယ့်
အလကား ဒုက္ခရှာလို့ကွယ်
သူတို့မို့ကျူးကျူးကျော်ကျော်လာကူညီနေကြတယ်
အိုးကမပူစလောင်းကပူနေကြတာပါကွယ်
ငါ့တူကြီးတို့တာဝန်ရှိသူတွေတောင်မလိုအပ်သေးလို့လာမလှူကြတာကိုသူတို့မို့လို့လာလှူနေကြသေးတယ်
အမှန်ဆို ငါ့တူကြီးတို့လို အေးအေးဆေးဆေးထိုင်ကြည့်နေလည်း ရတာပဲ
ငွေလည်း တပြားမှကုန်စရာမလိုတော့ဘူးလေ
သူတို့က အ တာနေမှာပါကွယ်
ငါတူကြီးတို့အခုလိုဘကြီးတို့အခက်အခဲဖြစ်နေတဲ့အချိန်ပြစ်ထားမှ ပြည်သူတွေရဲ့ အစွမ်းအစတွေ ထွက်လာမှာမို့လားကွယ့်
မဟုတ်ရင်ငါ့တူကြီးတို့အဆိုးရအဖွဲ့ပဲ အားကိုးနေကြလိမ့်မယ်
အခုဆိုဘယ်သူမှအားမကိုးကြတော့ကိုယ့်နည်းကိုယ့်ဟန်နဲ့ကြိုးစားရုန်းကန်နေကြတော့လူတိုင်းလူတိုင်း
အစွမ်းရှိတယ်ဆိုတာ သိကြရပြီလေ
ငါ့တူကြီးတို့ရဲ့ အမြော်အမြင်ကြီးစွာ ထိုင်ကြည့်နေကြတဲ့အကျိုးပေါ့ကွယ်
ဒုက္ခရောက်ကြတယ်ဆိုပေမယ့်
ပြည်သူတွေအချင်းချင်းက ရိုင်းပင်းကူညီကြတယ်ဆိုတော့အဆင်ပြေပါတယ်ကွယ်
ငါ့တူကြီးတို့မလိုအပ်သေးပါဘူး
ပြည်သူတွေက ကိုယ်လုပ်မှာကိုယ်စားရမှာ၊ ကိုယ့်ရှိမှကိုယ်စားရမှာဆိုတဲ့ကိုယ့်အားကိုယ်ကိုးကြတဲ့လူတွေဆိုတော့

ငါတူကြီးတို့အဆိုးရမင်းများအဖွဲ့ကို ရှိတယ်လို့တောင်မထင်ကြဘူးကွယ့်
ဒါလည်း ငါ့တူကြီးတို့က ပြည်သူဆိုတာကို မိဘလိုသဘောထားကြတာဆိုတော့လည်း မိဘဆိုတဲ့ဘကြီးတို့က
သားသမီးဖြစ်တဲ့ငါ့တူကြီးတို့ဆီက လက်ဖြန့်တောင်းဖို့ရှက်မိသကွယ့်
ဘာပဲဖြစ်ဖြစ်ငါ့တူကြီးတို့အဆိုးရအဖွဲ့ကတော့လိုတာရှိလာခဲ့ပါကွယ်
မဲလိုရင်မဲ၊ ခဲလိုရင်ခဲ ရရပါစေ့မယ်ကွယ်
ဘကြီးတို့က မိဘတွေဆိုတော့ ဖြည့်ဆည်းပေးရမယ့်ဝတ္တရားရှိသကိုးကွယ့်
ဒါနဲ့ငါ့တူကြီးက တို့နိုင်ငံက သစ်တွေခိုးထုတ်တဲ့တရုတ်လူမျိုးတွေကို ထောင်ဒဏ်တသက်တကျွန်းချပြီးမှ ၈ ရက်ထဲနဲ့
ပြန်လွှတ်လိုက်တယ်ဆိုကွယ့်
ကောင်းပါတယ်ကွယ်
ကိုယ့်နိုင်ငံအကျဉ်းထောင်မှာ ကိုယ့်လူမျိုးတွေပဲ ရှိသင့်တာမို့လား
အခုဒီကောင်တွေက ရာရာစစ ထောင်ထဲပါ လိုက်နယ်ချဲ့နေတာမြင်ရတော့ဘကြီးစိတ်မချမ်းသာလှဘူးကွယ်
အခုငါ့တူကြီးက ထောင်ကလွှတ်ပေးရုံမကဘူး၊ နယ်စပ်ထိပါ ကားနဲ့လိုက်ပို့ပေးလိုက်တယ်ဆိုတော့အတော့်ကိုအားရသကွယ့်
ဒါကိုကိုယ့်နိုင်ငံကို ချစ်ရကောင်းမှန်းမသိ၊ ထောင်ထဲထိနယ်ချဲ့နေတာကို စိတ်ပူရကောင်းမှန်းမသိတဲ့လူတွေက
ငါ့တူကြီးကို အောက်လုံးတွေနဲ့ဆဲနေပြောနေကြတာ အတော်ကို စိတ်ပျက်စရာပါကလား
ဒါပဲငါ့တူကြီးရေ..
ဟိုမှာ ဘကြီးအိမ်လေး ရေမြုပ်တော့မှာမို့ပစ္စည်းတွေသယ်ပြီး ရေလွတ်တဲ့ဒီတောင်ကုန်းပေါ် သယ်ရွှေ့ထားရအုံးမယ်ကွယ့်
ငါ့တူကြီးလည်း ကျမ္မာရေးဂရုစိုက်နော်
ရေဘေးသင့်နေတဲ့နေရာတွေ သိပ်မသွားနဲ့
သွားလည်း ပန်ကာအကြီးကြီးပါတဲ့လေယာဉ်လေးနဲ့သွား
သဲအိတ်တွေ အခင်းခိုင်း၊ မိုးကာတွေအခင်းခိုင်းပြီး ပန်းစည်းတွေနဲ့ လာကြိုမှသွားကွယ့်
မဟုတ်လို့ရေကြီးတဲ့ဆီသွားရင်နှလုံးခုန်စက်ထဲ ရေဝင်ပြီး ရပ်သွားအုံးမယ်
ဒါပဲနော်
ပြောရင်းဆိုရင်း အိမ်နောက်ဖေးက စပါးကျီကြီး မျောသွားပြီကွယ့်
ဘကြီးလိုက်ဆွဲကြည့်လိုက်အုံးမယ်
ရေဘေးကြုံလို့ကံမကုန်ရင်ပြန်ဆုံမယ်
ငါ့တူကြီးရဲ့ ဘကြီး
Yae TayZa
#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }