ကျပ်၅၀၀၀ တန်ဖုန်းကိုဖြန့်ချိမည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက လုပ်ငန်းစဉ်ဆိုင်ရာများ တင်ပြသည်တို့ကိုကို ဇန်န၀ါရီ(၂၉)ရက် နံနက် ၉ နာရီခွဲက ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်းခန်းမတွင်ပြုလုပ်ခဲ့ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညွှန်ချုပ်၊ ဒု-ညွှန်ချုပ်၊ အင်ဂျင်နီယာချုပ်များ၊ အခြားတာဝန်ရှိသူများတက်ရောက်ကြပြီး၊ ဖိတ်ကြားထားသောစာနယ်ဇင်းဆရာများနှင့် အခြားစာနယ်ဇင်းဆရာများလည်းတက်ရောက်လေ့လာခဲ့ကြသည်။
ထိုနေ့ နေ့လည်ပိုင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ အသိပေးတင်ပြချက်ကိုထုတ်ပြန်ခဲ့ရာ အောက်ပါအတိုင်းဖြစ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ အသိပေး တင်ပြချက်
၁။ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ကွက်ကဲမှုအောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နိုင်ငံတော်နှင့်ပြည်သူများအတွက် အဆင်ပြေ ချောမွေ့သော ဆက်သွယ်မှု ၀န်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရန် တာဝန်ရှိသည်နှင့်အညီ ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး တစ်နေရာနှင့်တစ်နေရာ ကောင်းမွန်သက်သာစွာ တယ်လီဖုန်း ဆက်သွယ် ပြောဆိုနိုင်ရေးအတွက် ကနဦး တပ်ဆင်ခနုန်း ထားများကို အဆင့်လိုက် လျောချပေးလျက်ရှိပါသည်။ ယခင် မိုဘိုင်း တယ်လီဖုန်း တစ်လုံးလျင် ကျပ်(၁၅)သိန်းရှိခဲ့ရာမှ ၂၀၁၀ခုနှစ် ဇန်န၀ါရီလမှစ၍ တစ်လုံးလျင် ကျပ်(၅)သိန်းသို့ လျော့ချပေးခဲ့ပြီး ပြည်သူများအနေဖြင့် မိုဘိုင်း တယ်လီဖုန်းများကို နေရာဒေသမရွေး ၊ အချိန်မရွေး အလွယ်တကူ ၀ယ်ယူအသုံးပြုနိုင်ရေးအတွက် ပုဂ္ဂလိကကုမ္ပဏီ များနှင့်ပူးပေါင်း၍ စီစဉ်ဆောင်ရွက် ပေးခဲ့ပါသည်။ အော်တိုတယ်လီဖုန်း တပ်ဆင်ခများကိုလည်း ယခင် အော်တိုတယ်လီဖုန်းတစ်လုံး တပ်ဆင်ခ ကျပ်(၁၀)သိန်းရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်မေလ မှစ၍ လျော့ချပေးခဲ့ပြီး အရစ်ကျပေးသွင်းသည့် စနစ်ဖြင့်ပင် တပ်ဆင်ပေးလျက်ရှိပါသည်။
၂။ ထို့အပြင် ပြည်သူတို့၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် မိုဘိုင်းတယ်လီဖုန်းများကို သက်သာသည့်နှုန်းဖြင့် မြို့ရွာ/ ကျေးလက်ပါမကျန် သုံးစွဲနိုင်ရန်အတွက် GSM/UMTS တယ်လီဖုန်းတိုးချဲ့တပ်ဆင်ရေး စီမံကိန်းကို ပြည်တွင်းကုမ္ပဏီ(၂၃)ခုနှင့် တည်ဆဲဥပဒေများနှင့်အညီ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကာလ (၅)နှစ်အတွင်း မိုဘိုင်းတယ်လီဖုန်း တပ်ဆင်ခနှုန်းထားများကို ပတ်ဝန်းကျင်နိုင်ငံများကဲ့သို့ အဆင့်ဆင့် လျော့ချသွားနိုင်ရန် စီမံဆောင်ရွက်လျက် ရှိပါသည်။
၃။ မိုဘိုင်းတယ်လီဖုန်းတစ်လုံး ပြောဆိုဆက်သွယ်နိုင်ရန်အတွက် မြေနေရာရှာဖွေသတ်မှတ်၍ ရေဒီယို စခန်းများ တည်ဆောက်ခြင်း ၊ စက်ပစ္စည်းများ လုံလောက်စွာတပ်ဆင်ရခြင်း၊ မြို့တွင်းဆက်သွယ်မှု၊ တစ်မြို့နှင့် တစ်မြို့ ဆက်သွယ်မှုနှင့် ပင်မကျောရိုးဆက်သွယ်မှုတို့အတွက် ဆက်သွယ်ရေးဆက်ကြောင်းကြီးများ အချိန်ယူ တည်ဆောက်ရခြင်း၊ သုံးစွဲသူများအနေဖြင့် တယ်လီဖုန်းပြောဆိုခများကို prepaid, postpaid, Online စသည်ဖြင့် ပေးဆောင်နိုင်ရန်အတွက် နည်းပညာ မြင့်မားသည့် Billing စနစ်ကို တည်ဆောက်ရခြင်း ၊ တိုးချဲ့တပ်ဆင်မည့် တယ်လီဖုန်းများနှင့် ရှိပြီးမိုဘိုင်းဖုန်းများ၊ အော်တိုဖုန်းများ ဆက်သွယ်ပြောဆိုနိုင်ရန် အော်တိုဖုန်း၊ မိုဘိုင်းဖုန်းနှင့် International Gateway များ၊ Internet Gateway များ စသည်တို့ ကို ထပ်မံချဲ့  ထွင်ဆောင်ရွက်ရပါသည်။
၎။ ယခုအခါ ပြည်တွင်းထုတ်ဂျာနယ်များတွင် တယ်လီဖုန်းတစ်လုံးလျှင် ကနဦး တပ်ဆင်ခ ကျပ် ၅၀၀၀ ဖြင့် ကိုင်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ ယင်းဖုန်းများအား ယခုနှစ် မတ်လမှ ဇွန်လအတွင်း စတင်အသုံးပြုနိုင်မှာ ဖြစ်ကြောင်းနှင့် ဂျာနယ်တစ်ခုတွင် တာဝါတိုင် (၂၈၀၀)ကိုပင် ထောင်မည်ဟုပင် ဖတ်လိုက်ရပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၄င်းကုမ္ပဏီ၏ တင်ပြချက်ကို သက်ဆိုင်ရာ အင်ဂျင်နီယာချုပ်များ၊ လုပ်ငန်းအတွေ့အကြုံရှိသူများနှင့် လေ့လာဆန်းစစ်ရာတွင် ဆက်သွယ်မှုကွန်ယက်ကို စနစ်တကျ တည်ဆောက်ရန် အချိန်များစွာ လိုအပ်ခြင်းနှင့် တည်ဆဲ ဥပဒေတို့အရ ကိုက်ညီမှု မရှိခြင်းတို့ကြောင့် ၄င်းကျပ် ၅၀၀၀တန် ဖုန်းကိစ္စမှာ လောလောဆယ်တွင် ဖြစ်နိုင်ခြေမရှိသေး (ဖြစ်နိုင်ခြေမရှိသေး) ပါကြောင်း ပြည်သူများအား တင်ပြအသိပေးအပ်ပါသည် ။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန

No comments:
Post a Comment